သက်ကြီးရွယ်အိုများနဲ့ Dementia ရောဂါ
Dementia ဆိုတာ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းလုပ်ဆောင်မှုတွေဖြစ်တဲ့ တွေးတောခြင်း၊ သတိရခြင်း၊ ကျိုးကြောင်းဆီလျော်ခြင်း စတာတွေ ဆုံးရှုံးတဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါသိပ်မပြင်းထန်သူတွေမှာ ကိုယ့်ရဲ့တစ်နေ့တာ တွေးခေါ်နိုင်စွမ်း ကျဆင်းတာလောက်ပဲ ဖြစ်နိုင်ပေမယ့် တော်တော်ဆိုးရွားတဲ့ အခြေအနေတွေမှာ အစာစားတာ၊ အိမ်သာသွားတာ စတဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ တခြားသူတွေကို မှီခိုဖို့ လိုအပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။
Dementia ဟာ လက်ရှိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူသန်းပေါင်းများစွာ ကြုံတွေ့ခံစားနေရပြီး ရောဂါဖြစ်နေသူရဲ့ ၃ ပုံ ၁ ပုံဟာ အသက် (၈၅) နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေပဲ ဖြစ်ပါတယ်။ Dementia ရောဂါအုပ်စုထဲမှာ လူသိအများဆုံးနဲ့ အဖြစ်အများဆုံးဆိုရင်တော့ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) ပဲ ဖြစ်ပါတယ်ခင်ဗျာ။
ဦးနှောက်ထဲက ကျန်းမာနေခဲ့တဲ့ Neurons ဆဲလ်တွေ အလုပ်လုပ်မှုရပ်တန့်သွားပြီး တခြားဦးနှောက်ဆဲလ်တွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိတော့ဘဲ သေဆုံးပျက်စီးသွားတဲ့အခါ Dementia ရောဂါလက္ခဏာတွေ စတင်ပြလာတတ်ပါတယ်။ လူတိုင်းဟာ အသက်ကြီးလာတာနဲ့အမျှ Neurons ဆဲလ်တွေ ဆုံးရှုံးရတတ်တယ်ဆိုပေမယ့် Dementia ဝေဒနာရှင်တွေမှာတော့ Neurons ဆဲလ်တွေ အမြောက်အများ ဆုံးရှုံးရနိုင်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေထဲမှာ
- မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ လူကဲမခတ်နိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း
- စကားပြောဆိုဖို့၊ နားလည်ဖို့၊ ကိုယ်တွေးနေတာကို ဖော်ပြဖို့၊ စာဖတ်ဖို့၊ စာရေးဖို့ ခက်ခဲလာခြင်း
- ကိုယ်အမြဲကျင်လည်နေခဲ့တဲ့ ပတ်ဝန်းကျင်ကို အမှတ်မရတော့ဘဲ လမ်းပျောက်နေတတ်တာ
- မေးခွန်းတွေကို ထပ်ခါတလဲလဲ မေးတတ်လာတာ
- နေ့စဉ်လုပ်နေတဲ့အရာတွေကို ပြီးမြောက်အောင်လုပ်ကိုင်ဖို့ အချိန်ကြာလွန်းတာ
- ပုံမှန်လုပ်နေကျ၊ ပျော်မွေ့တဲ့အရာတွေကို လုပ်ဖို့စိတ်မပါဝင်စားတော့တာ
- ထင်ယောင်ထင်မှား ပုံရိပ်တွေ မြင်လာရတာ
- တခြားသူတွေရဲ့ ခံစားချက်ကို ဂရုမစိုက်တော့ဘဲ ပြောချင်ရာပြောတတ်တာ
- ကိုယ်နေဟန်ထားမထိန်းနိုင်တော့ဘဲ လှုပ်ရှားရာမှာ အခက်အခဲဖြစ်လာတာ စတာတွေပါဝင်ပါတယ်။
ဉာဏ်ရည်နဲ့ ဖွံ့ဖြိုးမှုအပိုင်းမှာ မသန်စွမ်းသူတွေအနေနဲ့လည်း အသက်အရွယ်ရလာတာနဲ့အမျှ Dementia ရောဂါက ဖြည်းဖြည်းချင်း အမြစ်တွယ်လာနိုင်ပါတယ်။ ရောဂါဖြစ်ရတဲ့အကြောင်းရင်းကိုတော့ အတိအကျရှာဖွေနိုင်ခြင်း မရှိသေးပေမဲ့ ခန္ဓာကိုယ်တွင်း အကျိတ်ဖြစ်နေတာ၊ ဗီတာမင်ဓာတ် ချို့တဲ့တာ၊ ရောဂါသောက်ဆေးတွေရဲ့ Side Effect တွေအပြင် သိုင်းရွိုက်၊ ကျောက်ကပ်၊ အသည်းမှာ ပြဿနာတစ်ခုခုဖြစ်နေရင်တော့ Dementia နဲ့ သက်ဆိုင်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ရောဂါအခြေအနေ မဆိုးသေးတာကြောင့် ကိုယ့်ကျန်းမာရေးအခြေအနေကို သံသယရှိတာဖြစ်စေ၊ ဘေးမှာရှိနေတဲ့ မိသားစုဝင်တွေအနေနဲ့ ကိုယ်ချစ်ရသူဆီမှာ Dementia ပြဿနာရှိနေတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ အထူးကုဆရာဝန်နဲ့ ပြသပြီး ရောဂါစစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့
- တွေးခေါ်မှုနဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ စစ်ဆေးမှုတွေ
- ဦးနှောက် CT Scan ဖတ်တာ
- MRI ဖတ်စစ်တာ
- မျိုးဗီဇ စစ်ဆေးခြင်း
- စိတ်ပိုင်းဆိုင်ရာ စစ်ဆေးတာ
- သွေးစစ်တာ
- CSF အရည် စစ်ဆေးတာ စတာတွေနဲ့ ရောဂါရှာဖွေမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ Dementia ရောဂါနဲ့ပတ်သက်ပြီး ကုသပျောက်ကင်းနိုင်တဲ့ နည်းလမ်း၊ ဆေးဝါးတွေမရှိသေးပါဘူး။ ဒါပေမယ့် Dementia လက္ခဏာတွေကို ထိန်းချုပ်ပေးတဲ့ ရောဂါသောက်ဆေးတွေကို ဆရာဝန်ဘက်ကနေ ညွှန်းပေးနိုင်ပြီး ဒါကို ပုံမှန်စွဲသောက်ခြင်းဖြင့် မှတ်ဉာဏ်ဆိုးဆိုးရွားရွား ချို့ယွင်းတဲ့ပြဿနာကို ထိန်းချုပ်ပေးနိုင်ပါတယ်။
Dementia ဟာ ဖြစ်ရတဲ့အကြောင်းရင်း အတိအကျမရှိသလို ကိုယ့်မှာမဖြစ်နိုင်ဘူးလို့လည်း အတိအကျ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေမရှိသေးတာကြောင့် ကိုယ့်ဘက်က အိမ်မှာရှိတဲ့ သက်ကြီးရွယ်အို မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ပေးပြီး စိတ်ချမ်းသာအောင် ထားပေးရင်း ပုံမှန်ကျန်းမာရေးစစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ရဲမျိုးမြတ်